စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေး နေ့သဝဏ်လွှာဖတ်ကြားခြင်းနှင့် အားကစား ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ဆုချီးမြင့်ပွဲအခမ်းအနားတက်ရောက်

မုံရွာ ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် မုံရွာမြို့၊ ကန်သာယာ လွတ်လပ်ရေး ကျွန်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများ၊ ဂုဏ်ပြုတပ်ခွဲတို့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။ ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်ထံမှ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးမြတ်ကျော်က ဖတ်ကြားပြီး ဂုဏ်ပြုတပ်ခွဲမှအလေးပြုကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်သော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်သူ့အားကစားကွင်းအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူ ပြုပစ္စည်းများ၊ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဉာဏ်စမ်းမေးခွန်းများဖြေဆိုနေမှု၊ စကားပုံဆက်နေမှုများနှင့် ရုပ်ပုံဆက်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ကွင်းလှည့်ပြိုင်ပွဲတွင် ဆုရရှိသူသော ကလေးငယ်လေးများအား အမှတ် တရလက်ဆောင်များပေးအပ်ခဲ့ကြ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထုပ်စီးတိုးပြိုင်ပွဲ၊ ခေါင်းအုံးရိုက် ပြိုင်ပွဲ၊ ဂိုးသွင်းပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထုပ်စီးတိုးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော အသင်းများအား ဆုတံဆိပ်နှင့် ငွေသားဆုများ အား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက အငယ်တန်း/ အလွတ်တန်း ကျား/မ မီတာ - ၅၀ ဂုံနီအိတ်စွပ် အပြေး ပြိုင်ပွဲ၊ ကျား/မ မီတာ - ၂၅ - ၅၀ အာလူး ကောက်အပြေးပြိုင်ပွဲ၊ ကျား/မ မီတာ - ၅၀ ဖားခုန်ပြိုင်ပွဲ၊ မ မီတာ - ၅၀ အာလူးဇွန်းကိုက် အပြေးပြိုင်ပွဲ၊ ကျား/မ မီတာ ၁၀၀ - ၂ ယောက်တွဲခြေပူးအပြေးပြိုင်ပွဲ၊ ကျား/မ မီတာ - ၁၀၀ ၊ ၂၀၀ ၊ ၄၀၀ ၊ ၈၀၀ ၊ ၁၅၀၀ အပြေး ပြိုင်ပွဲနှင့် သံလုံးပစ်၊ အလျားခုန်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဆုတံဆိပ်များနှင့်ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြ သည်။

ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပျော်ပွဲရွှင်ပွဲများဖြစ်သည့် ကျား/မ လွန်ဆွဲ ပြိုင်ပွဲ၊ ကျား/မ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ကျား/မ မီတာ ၅၀ ခွက်နင်းပြိုင်ပွဲ၊ ကျား/မ မီတာ ၁၀၀ ပူစီပေါင်းဖောက်ပြိုင်ပွဲ၊ မ မီတာ - ၅၀ သံပုံးရိုက်ပြိုင်ပွဲ၊ မ မီတာ ၅၀ စကောရွက် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဆုတံဆိပ်များနှင့် ငွေသားဆု များအား ပေးအပ် ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။    

မုံရွာမြို့၊ ကန်သာယာလွတ်လပ်ရေးကျွန်းတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂုဏ်ပြုတပ်ခွဲနှင့် လူမူရေးအသင်းအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး နံနက် (၄)နာရီ မိနစ်(၂၀)အချိန်တွင် မြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ကာ အလေးပြုခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)