လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

တောင်တွင်းကြီး ဇန်နဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။

ရှေ့ဦးစွာပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား/သူကလေးငယ်များ စာပေနှင့်ထိတွေ့၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊  အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အစုအဖွဲ့လိုက် ပူးပေါင်း‌ဆောင်ရွက်တတ်သည့် အ‌လေ့အကျင့်ကောင်းများရှိလာစေရန်နှင့် သွက်လက်ထက်မြတ်သောကလေးများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဝင်းမေထွန်းက ကလေးသူငယ်များ ညဏ်ရည်ညဏ်သွေး တိုးတက်လာစေရန် “ပြည်သူ့စာကြည့်တိုက်” ကဗျာဖြင့် ရွတ်ဆိုပြသခဲ့ပြီး ပြိုင်ပွဲကို စတင်ကာ အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)မှ Grade-2 ကျောင်းသား/ကျောင်းသူများက ပျော်ပျော်ရွှင်ရွှင် ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထိုနောက် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသော ကလေးသူငယ်ကျောင်းသား/ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်အေးမိုးမိုးမြင့်က  အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး (ပြန်/ဆက်)