ပခုက္ကူ ဇန်နဝါရီ ၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းတွင်းအားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ပထမဦးစွာ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ အပြေး၊ ထုပ်စည်းထိုးနှင့် မုန့်စားပြိုင်ပွဲများ စသည့် ကျောင်းတွင်းအားကစားပြိုင်ပွဲကျင်းပရာ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား(၆၆)ဦး၊ ကျောင်းသူ(၇၆)ဦး၊ စုစုပေါင်း(၁၄၂)ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန(ပခုက္ကူခရိုင်ရုံး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလင်း၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့်ဆရာ၊ဆရာမများ၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့် ဆရာမများက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောနှင့် အားကစားပြိုင်ပွဲများအလိုက် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး ပျော်ပွဲရွှင်ပွဲများ ဆက်လက်ကျင်းပပေးရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်ကြည်နူးစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)