ရွှေဘို ဇန်နဝါရီ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် (၁၃၈၅)ခုနှစ်၊ နတ်တော် လပြည့်ကျော် ၈ ရက်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို အကျဉ်းထောင်မှ အကျဉ်းသား/သူ(၅၄)ဦးအား ယနေ့ နံနက်ပိုင်းအချိန်က လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့လွတ်ပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ရွှေဘိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူများအနက် အကျဉ်းသား/သူစုစုပေါင်း(၅၄)ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၄င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်ရရှိသည့် ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား/သူ(၅၄)ဦးအား အကျဉ်းထောင် အစည်းအဝေးခန်းမ၌ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်ရာဇာဖြိုး၊ ရွှေဘိုအကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက် ညွန်ကြားရေးမှူး ဦးအောင်ကြည်လှိုင်တို့က ဆုံးမစကားများ ပြောကြား၍ ထောင်လွတ်လက်မှတ်နှင့် အတူ စားစရိတ်၊ ခရီးစရိတ်များပေး၍ လွှတ်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်