ဝါးခယ်မ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က မင်းလံကစကဲ အကျဥ်းစခန်းမှ အကျဉ်းသား(၂၄)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၊ မင်းလံကစကဲကျေးရွာကျေးရွာရှိ ကစကဲစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း (အကျဉ်းစခန်း)တွင် စခန်းတာဝန်ခံ/ ဦးစီးအရာရှိ ဦးစိုးမင်းအောင်နှင့် ဒုတိယ မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး သန်းထွန်းတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အမိန့်အမှတ် (၁/၂၀၂၄)ဖြင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေ ရန်နှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့် လည်းကောင်း အကျဉ်းစခန်းတွင် ပြစ်ဒဏ်ကျခံလျက်ရှိနေသော အကျဉ်းသားများအနက် အကျဉ်းသား(၂၄)ဦးတို့အား ဥပဒေဘောင်အတွင်း အေးချမ်းစွာနေထိုင်ရန် ဆုံးမစကားပြောကြားခြင်း၊ စုစုပေါင်းငွေ (၁,၆၄၇,၄၆၅)ကျပ် (စားစရိတ် ၂၅,၀၀၀၊ ခရီးစရိတ် ၉၇,၉၆၅၊ လုပ်အားခ ၁,၅၂၄,၅၀၀) ပေးအပ်ခြင်း တို့ပြုလုပ်၍ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနှင့် အထက်ပါစခန်းတွင် ဦးစိုးမင်းအောင် ပါ(၃၅)ဦး တာဝန် ထမ်းဆောင် လျက်ရှိပြီး အကျဉ်းသား(၁၁၉)ဦး ထိန်းသိမ်းထားရှိကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)