ချောင်းသာ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄ ခုနှစ်ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အထိမ်းအမှတ်နေ့တွင် ကျောင်းတွင်းအားကစားပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ၊ လွတ်လပ်ရေး၏အနှစ်သာရနှင့် လွတ်လပ်ရေး၏တန်ဖိုးကို အမြတ်တနိုး အလေးထားတန်ဖိုးထားတတ်စေပြီး ကျန်းမာပျော်ရွှင်ပြီး လူငယ်များအချင်းချင်း အစုအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပရာတွင် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူများအား ဘောလုံးပြိုင်ပွဲ လွန်ဆွဲပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ မီတာတာတို/တာရှည်အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ဂိမ်းကစားခြင်း ပြိုင်ပွဲများနှင့် ဟောပြောပွဲများကို ကျောင်းအလိုက်တာဝန်ခံ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ ဆရာ၊ ဆရာမများ နှင့်ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ပျော်ရွှင်စွာကျင်းပခဲ့ကြကြောင်း သိရှိရသည်။
ကျော်ကျော် (ပြန်/ဆက်)