ပွင့်ဖြူ ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန်အတွက် ဆောင်းသီးနှံဖူးစားပြောင်း ၃၀၅၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ဖူးစားပြောင်းသီးနှံ ၂၀၄၈ ဧက စိုက်ပျိုးရန်လျာထားလျက်ရှိပြီး ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် နိုဝင်ဘာပထမပတ်က စတင်စိုက်ပျိုးခဲ့ကြပြီး ယနေ့အထိ ဖူးစားပြောင်းသီးနှံ ၃၀၅၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
“ဒီနှစ် ဆောင်သီးနှံစိုက်ပျိုးရာသီမှာ သီးနှံအလိုက် လျာထားဧကတွေ ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ဒေသတွင်းရှိ တောင်သူတွေကို လိုအပ်တဲ့ ဆောင်းသီးနှံစိုက်ပျိုးရေးနည်းစနစ်များနဲ့ သွင်းအားစုပစ္စည်းသုံးစွဲရေးနည်းလမ်းတွေကို အသိပညာပေးဆောင်ရွက်ပေးသလို သီးနှံအထွက်နှုန်းများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်ကိုလည်း မျိူကောင်းမျိုးသန့်များ စနစ်တကျရွေးချယ်စိုက်ပျိုးကြဖို့ လိုအပ်တာတွေ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးထားပါတယ်။ အဓိက စိုက်ပျိုးတဲ့ ဆောင်းသီးနှံတွေက ဖူးစားပြောင်း၊ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ပဲမျိုးစုံသီးနှံမှာဆိုရင် ကုလားပဲ၊ မတ်ပဲ၊ ပဲကြီး၊ ပဲယင်း၊ ပဲကြား၊ ထောပတ်ပဲ၊ စားတော်ပဲ၊ ပဲလွမ်း၊ ပဲနောက် စတဲ့ သီးနှံများကို စိုက်ပျိုးကြပါတယ်။ ဆောင်းသီးနှံတွေထဲမှာဆိုရင် ဖူးစားပြောင်းသီးနှံက လျာထားဧက ၂၀၄၈ ဧက ဖြစ်ပြီး ယနေ့အထိ စိုက်ဧက ၃၀၅၀ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ ဖူးစားပြောင်းသီးနှံက လက်ရှိမှာ ယခင်နှစ်ကထက် ဈေးကောင်းရရှိနေလို့ စိုက်ပျိုးတောင်သူတွေ လုပ်ငန်းအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မိုးမိုးဝေ က ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဖူးစားပြောင်းသီးနှံစိုက်ပျိုးခြင်းကို မိုးရာသီနှင့်ဆောင်းရာသီတွင် အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ဖူးစားပြောင်းသီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး တစ်ဧကလျှင် သီးနှံစိုက်ပျိုးစရိတ်အရင်းအနှီး သုံးသိန်းမှ လေးသိန်းခန့်အထိ ကုန်ကျမှုရှိကာ သီးနှံဝင်ငွေအနေဖြင့် သီးနှံအထွက်နှုန်းပေါမူတည်ပြီး တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းကျော်ခန့် အကျိုးအမြတ်ရရှိသဖြင့် ဒေသခံတောင်သူများက ဖူးစားပြောင်းသီးနှံစိုက်ပျိုးရေးကို နှစ်စဉ်အားထားစိုက်ပျိုးကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)