မကွေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပြုလုပ်သည့် မဲရုံအခင်းအကျင်း သရုပ်ပြသခြင်း အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို လိုက်လံကြည့်ရှုစစ်ဆေး

မကွေး      အောက်တိုဘာ     ၂၇

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မကွေးတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကျင်းပပြုလုပ်သည့် မဲရုံခင်းကျင်းမှုသရုပ်ပြသခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီ အချိန်က မကွေးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုး ညို တက်ရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ  အုပ်ချုပ်ရေးမှူးများ၊ မကွေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်၊ Volunteer ဆောင်ရွက်မည့်သူ များတက်ရောက်ပြီး မကွေးတိုင်းဒေသကြီး ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးထွဋ်ဦး က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲနေ့တွင် ပြုလုပ်မည့် မဲရုံပုံစံအတိုင်း Covid-19 စည်းကမ်းများနှင့် အညီ မဲရုံခင်းကျင်း ထားရှိမှု အခြေအနေများနှင့် မဲပေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်တို့အား အသေးစိတ် လိုက်လံရှင်းလင်း ပြသခဲ့သည်။

ထိုသို့ လိုက်လံရှင်းလင်းပြသမှုများ အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်(၃၃၀၆၅၄၄) ဦး၊ တိုင်းရင်းသားမဲဆန္ဒရှင်(၈၇၆၄၁)ဦး၊ စုစုပေါင်းမဲရုံ(၄၅၄၈)ရုံ၊တိုင်းရင်းသားမဲရုံ(၇၄၅)ရုံ နှင့် အသက် (၆၀)နှစ် နှင့်အထက် မဲဆန္ဒရှင်(၅၂၅၉၉၇)ဦးတို့ ရှိကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)