ဘားအံ ဇန်နဝါရီ ၅
ကရင်ပြည်နယ် အစိုးရအဖွဲ့မှ တည်ခင်းဧည့်ခံသော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) ညပိုင်းတွင် ပြည်နယ်အစိုးအဖွဲ့ရုံးရှေ့ ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။
ဂုဏ်ပြုညစာစားပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဂုဏ်ပြုညစာစားပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ညစာကို အတူတကွ သုံးဆောင်ခဲ့ကြကာ ညစာ မသုံးဆောင်မီနှင့် သုံဆောင်နေစဉ်အတွင်း ကရင်ပြည်နယ် ဂီတအစည်းအရုံးမှ တေးသံသာများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဂုဏ်ပြုညစာစားပွဲတွင် သီဆိုတီးမှုတ်ဖျော်ဖြေပေးသော ကရင်ပြည်နယ် ဂီတအစည်းအရုံးအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ပြီး ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ(ဒုတိယည)ကို ဘားအံမြို့၊ သီရိကွင်း၊ ဒုံးစင်မြင့်ထက်၌ ညနေ ၆ နာရီအချိန်မှစ၍ ကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေးရာ ပဒေသာကပွဲ ဖျော်ဖြေရေး အစီအစဉ်များအဖြစ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ပဒေသာအကအလှများ၊ ဘားအံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ဘားအံ ပညာရေးဒီဂရီကောလိပ်တို့မှ ကျောင်းသား၊ကျောင်းသူ၊ သင်တန်းသား၊သင်တန်းသူများ၏ ရိုးရာယဉ်ကျေးမှု အကအလှများ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ပအိုဝ်းရိုးရာအကအလှများ၊ ကော့ပလံဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကရင်ရိုးရာ ဒုံးအကများဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ သီရိကွင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စင်တင်တေးဂီတ ဖျော်ဖြေပွဲအနေဖြင့် Metronome Music Band တီးဝိုင်းနှင့်တွဲဖက်၍ ဒေသခံ တေးသံရှင်းများနှင့် ကရင်တေးသံရှင်များက နှစ်သက်ရာသီချင်းများဖြင့် တိုင်းရင်းသားပြည်သူများအား သီဆိုဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကရင်ပြည်နယ် လက်ဝှေ့ဆပ်ကော်မတီနှင့် လက်ဝှေ့ဝါသနာရှင်များ ပူးပေါင်းတင်ဆက်သည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ၅ သိန်းအောင်လံပွဲ(၃)ပွဲ၊ လူလတ်အထူးပွဲ ၁၅ ပွဲ၊ ကလေးကြားပွဲ ၃၅ ပွဲဖြင့် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကျော်ဇေယျလမ်းနှင့် မာန်းနဲစန်လမ်းထောင့်ရှိ မီးပုံးပျံကွင်းတွင် ကျင်းပရာ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် လက်ဝှေ့ဝါသနာရှင်များက ယှဉ်ပြိုင်ထိုးသတ်မှုများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ဘားအံတက္ကသိုလ် အားကစားအဖွဲ့အား ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ တွေ့ဆုံအားပေးစကား ပြောကြား၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားစားပွဲတင် တင်းနစ်၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ပြေးခုန်ပစ် အမျိုးသား/အမျိုးသမီး စသည့် အားကစားနည်းများတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ဘားအံတက္ကသိုလ်အားကစား မောင်မယ်များအနေဖြင့် မိမိတို့ယှဉ်ပြိုင်ရမည့် အားကစားနည်းအလိုက် အကောင်းဆုံးဖြစ်အောင်၊ စည်းကမ်းတကျ အောင်မြင်အောင်၊ မိမိတက္ကသိုလ်၏ဂုဏ်၊ ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်ကြသူများဖြစ်အောင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားအားထုတ်ယှဉ်ပြိုင်ကစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံတက္ကသိုလ် ကျောင်းသားအားကစားအဖွဲ့ အဖွဲ့ခေါင်းဆောင်ထံ အောင်နိုင်ရေးအလံနှင့် ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ပြီး အားကစားမောင်မယ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)