မကွေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသားဦးရေ (၂၉၁) ဦးအား နိုင်ငံတော်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့

မကွေး ဇန်နဝါရီ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒစ်လွတ်ငြိမ်းခွင့်ဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း (၂၉၁) ဦးအား ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံတော်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ အကျဉ်းသား၊ အကျဉ်းသူများကို ယနေ့နံနက်ပိုင်းက အခမ်းအနားဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရပြီး ဦးစွာ မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူးနှင့် တာဝန်ရှိသူများက ဆုံးမဩဝါဒစကားများ ပြောကြားပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည်အပ်နှံ လွှတ်ပေးခဲ့ကြောင်း သိရသည်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်သူ  စုစုပေါင်း (၂၉၁) ဦးဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သည့် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးအတွက် လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်များတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသားများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၄၀၁)၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျန်ခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )