မြဝတီ ဇန်နဝါရီ ၅
ကရင်ပြည်နယ်၊ မြဝတီမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေမြင်းဝန် စေတီတော်မြတ်ကြီး၌ မဟာအာဋာနာဋိယသုတ်နှင့် မဟာသမ ယသုတ်၊ဥပ္ပါတသန္တိပါဠိတော်အသံမစဲ ရွတ်ဖတ်ပူဇော်ခြင်း မဟာမင်္ဂလာအောင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါစေတီတော်မြတ်ကြီး၏ မြောက်ဘက်မုခ် မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပါယ်သည့် ဝတ်တော်အတွင်း ကျင်းပသည်။
ဦးစွာနိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြဝတီမြို့၊ မြသုခ၊ အမှတ်(၂၇၅) တပ်ဦးကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒ အမှူးရှိသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီးနိုင်ဝင်း၊ အဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ကျောင်းတိုက်အသီသီးမှ ဆရာတော်၊ သံဃာတော်များက သုံးဆယ့်တစ်ဘုံသားနှင့် ခုနှစ်ရက်သားသမီးအပေါင်းတို့အား ဘေးရန်အန္တရာယ် အသွယ် သွယ်တို့မှ ကင်းဝေစေရန်ပရိတ် တရားတော်များ၊ ပဋ္ဌာန်းအနုမောဒနာ ဂါထာရွတ်ဖတ်ပူဇော်ခြင်းကို ဧည့်ပရိသတ်တို့က နာယူကြပြီး ဆရာတော် ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကာ လှူဒါန်းမှု အစုစုတို့အတွက် သာဓုအနုမောဒနာ သုံးကြိမ်ရွတ်ဆို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)