ပွင့်ဖြူ အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ် မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၆၀)နှင့် အထက် ကြိုတင်ဆန္ဒမဲပေးမည့်သူဦးရေ ၁၆၉၂၅ ဦး ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးမည့် အသက်(၆၀)နှင့် အထက် သက်ကြီးဘိုးဘွားများစာရင်းတွင် မဲဆန္ဒနယ်မြေ (၁)တွင် ၈၅၈၂ ဦး ၊ မဲဆန္ဒနယမြေ(၂)တွင် ၈၃၄၃ ဦး ၊ စုစုပေါင်း ၁၆၉၂၅ ဦး ရှိကြောင်း သိရကာ ရွေးကောက်ပွဲတွင် အခက်အခဲမရှိ အဆင်ပြေစွာ ပါဝင်မဲပေးခွင့်ရရှိစေရန်အတွက် အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်၍ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်မဲများ ပေးရမှာဖြစ်ကြောင်း သိရသည်။ ထိုသို့ ကြိုတင်ဆန္ဒမဲပေးရာ၌ ကျန်းမာရေး မကောင်းမွန်သော သက်ကြီးဘိုးဘွားများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံ ကောက်ယူ သွားမည်ဖြစ်ပြီး ကြိုတင်ဆန္ဒမဲ လာရောက်ပေးနိုင်သော သက်ကြီးဘိုးဘွားများအနေဖြင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကိုယ်တိုင်သွားရောက်၍ ကြိုတင်ဆန္ဒမဲ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် မဲရုံပေါင်း(၈၉)ရုံ ၊ မဲဆန္ဒနယ်မြေ အမှတ်(၂)တွင် မဲရုံပေါင်း(၇၄)ရုံ ၊ စုစုပေါင်း မဲရုံ (၁၆၃)ရုံ လျာထားဆောင်ရွက်ထားရှိကြောင်း ၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေမှာ ၁၃၅၉၉၀ ဦး ရှိကြောင်း ၊ အဆိုပါ မဲဆန္ဒရှင်စာရင်းများတွင် ချင်းတိုင်းရင်းသားမဲဆန္ဒရှင်ဦးရေ ၁၄၈၀ ဦးကျော် ပါဝင်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်စန်းမြင့် ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )