အိမ်မဲမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများကျင်းပ

အိမ်မဲ ဇန်နဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ Happy ဖူဆယ်ဘောလုံးကွင်းတွင်  ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲကျင်းပခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီခွဲအချိန်တွင် ကျင်းပသည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး အမျိုးသမီးဖူဆယ်ဘောလုံပြိုင်ပွဲ၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ မီတာ (၁၀၀)အပြေးပြိုင်ပွဲ၊ မီတာ(၁၀၀)လက်ဆင့်ကမ်းပြိုင်ပွဲ၊ အာလူးကောက်၊ ဂုန်နီအိတ်စွပ်၊ ပူပေါင်းဖောက်၊ ချောတိုင်တက် အစရှိသည့်ပြိုင်ပွဲများကျင်းပရာ ဌာနဆိုင်ရာများ၊ ကျေးရွာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများက ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ မြို့မလူငယ်လေ့ကျင့်ရေးဘောလုံးကွင်းအတွင်းနှင့် Happy ဖူဆယ် ဘောလုံးကွင်းတို့တွင် ပြိုင်ပွဲဝင်ရောက် ယှဥ်ပြိုင်ကြသူများ၊ လာရောက်ကြည့်ရှုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)