တောင်တွင်းကြီး ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အောင်မြင်ဇေယျ ရခိုင်ဘုရားကြီးကွင်း၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလွတ်တန်းဘောလီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးဌာနအဖွဲ့၏ ကြီးကြပ်မူဖြင့် မြို့နယ်အားကစားနှင့် ကာယဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိလူငယ်များ ကာယစွမ်းရည်တိုးတက်လာစေရန်၊ အချင်းချင်းပူးပေါင်း ဆောင်ရွက်တက်စေရန်၊ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်နှင့် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး ထူးချွန်ထက်မြတ်သော အားကစားသမားကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ အသက် ၂၅ နှစ်အောက် အမျိုးသားအလွတ်တန်း ဘောလီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပရခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ လူငယ်အသင်းများဖြစ်သည့် ရွှေကြာအင်း(၁)၊ ရွှေအိုး(၁)၊ ချောင်းနက်၊ မောင်းတိုင်(၂)၊ အုန်းတော(၁)၊ သဖန်းကုန်း၊ တောင်ပြင်(၂)၊ အုန်းတော(၂)၊ ဆတ်သွား၊ တောင်ပြင်(၁)၊ ခင်တဲ၊ အောင်းစုစသည့် အသင်း (၁၂) ပါဝင် ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများအား ဒီဇင်ဘာလ (၂၈) နေ့မှစ၍ အုပ်စု (၃) ခုခွဲကာ ယှဥ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ပထမဆုရရှိသည့် ရွှေကြာအင်း(၁)၊ ဒုတိယဆုရရှိသည့် တောင်ပြင်(၁)၊ တတိယဆုရရှိသည့် တောင်ပြင်(၂)၊တစ်ဦးချင်းရရှိသည့် ပင့်ထောင်ဆု၊ ခုခံကာကွယ်ဆု၊ ရိုက်ပုတ်ဆု၊ ပွဲစဥ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးလှသောင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ခိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး ရဲမြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)