အမာ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၇ နာရီအချိန်က စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲများ ကျင်းပရာတွင် မာရသွန်အပြေးပြိုင်ပွဲကို နံနက် ၅ နာရီခွဲအချိန်က စတင်၍ တာလွှတ်ပေးခဲ့ပြီး နံနက် ၆ နာရီခွဲအချိန်တွင် မာရသွန်အပြေးပြိုင်ပွဲ ပန်းဝင်လာသူများကို ကြိုဆိုကြပြီးနောက် အခြားအားကစား ပြိုင်ပွဲများကျင်းပနိုင်ရေး ဖွင့်ပွဲအခမ်းအနားကို နံနက် ၇ နာရီတွင် ကျင်းပခဲ့သည်။
အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပရာတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး၊ မြို့အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ မိဘပြည်သူများ၊ ပြိုင်ပွဲဝင်မည့် အားကစားသမားများ၊ တက်ရောက်ကြပြီး အမာမြို့၊ အထကကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပန်းပွားအက၊ တေးသရုပ်ဖော်အကများနှင့် ဖျော်ဖြေတင်ဆက်ကြပြီး နောက် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်းက အားကစားပြိုင်ပွဲ စတင်ဖွင့်လှစ် ကြောင်း ကြေညာပေးခဲ့သည်။
ဆက်လက်၍ အားကစားပြိုင်ပွဲများကိုကျင်းပရာ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အလံဆက်ပြိုင်ပွဲ၊ မြို့ပတ်အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွပ် ပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ပူစီဖောင်း ဖောက်ပြိုင်ပွဲ၊ သုံးခြောက်ထောက်အပြေးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ စသည့်တို့အပြင် အခြား အားကစားပြိုင်ပွဲ များကို ကျား၊ မ ခွဲ၍ ပျော်ရွှင်စွာဖြင့်ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဆုရအားကစား သမားများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အမာ(ပြန်/ဆက်)