ကြံခင်း ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာအုပ်စု၊ အ.ထ.က (ခွဲ) ထိန်ပင်မြောင်ကျောင်းတွင် လူငယ်ကဏ္ဍ မြင့်မားစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်လာစေရန်နှင့် အချင်းချင်း ပူးပေါင်းဆွေးနွေး တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အ.ထ.က(ခွဲ) ထိန်ပင်မြောင်ကျောင်းမှ ကျောင်းသား/သူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီးနောက် ပိုးစုကြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလှဝင်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်သော ကျောင်းသား၊ ကျောင်းသူ လူငယ်များ၏ကဏ္ဍသည် အရေးပါသော အခန်းကဏ္ဍက ပါဝင် လာသည့်အတွက် ပြင်ပဗဟုသုတများနှင့် ပြည့်စုံဖို့လိုအပ်လာသလို၊ စာပေဘက်တွင်လည်း ထူးချွန်သူများဖြစ်အောင် ကြိုးစားကြဖို့တိုက်တွန်း ပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က လူငယ်စကားဝိုင်းကျင်းပရ ခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့် နှင့် သုံးသပ်ဆွေးနွေးသူအဖြစ် အ.ထ.က(ခွဲ) ထိန်ပင်မြောင်ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသန္တာဦးတို့နှင့် အတူ ပါဝင်ဆွေးနွေးကြသော (G-11) ကျောင်းသူ မအိသဇင်က "လူငယ်နှင့် ယဉ်ကျေးမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (G-10) ကျောင်းသား မောင်ခန့်ထည်က "လူငယ်နှင့် အားကစား" ခေါင်းစဉ်များဖြင့်လည်းကောင်း၊ (G-9) ကျောင်းသား/သူများဖြစ်သော မောင်ထွန်းမော်ဦးက "လူငယ်နှင့် စာဖတ်ခြင်း အကျိုး ကျေးဇူး" ခေါင်းစဉ်နှင့် မမြသဇင်ခိုင်က "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသော ကျောင်းသား/သူများက ခေါင်းစဉ်ပါ အကြောင်းအရာ ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး သိရှိလိုသောအချက်များအား မေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသော ကျောင်းသား/သူများက ပြန်လည်ဆွေးနွေးဖြေကြား ပေးခဲ့ပြီး ပိုးစုကြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများအား အမှတ်တရလက်ဆောင် များပေးအပ်ကြပြီး ပိုးစုကြီးကျေးရွာ အုပ်စု ရပ်မိ၊ ရပ်ဖ ဦးစန်းပျိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပိုးစုကြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ အ.ထ.က(ခွဲ) ထိန်ပင်မြောင် ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူ(၂၄၆)ဦး တက်ရောက်ကြကြောင်းနှင့် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြသထားခြင်းကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)