ပဲခူး ဇန်နဝါရီ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယမန်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပဲခူးအချုပ်ထောင်မှ အကျဉ်းသား ကျား(၁၄၀)ဦး မ(၁၂)ဦး စုစုပေါင်း (၁၅၂)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်ပေးခဲ့သည်။
ထို့သို့လွတ်ပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ပဲခူးအချုပ်ထောင်မှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/ သူများအနက်မှ အကျဉ်းသား/ သူ(၁၅၂)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၄င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရရှိသော အကျဉ်းသား/ သူ(၁၅၂)ဦးအား တာဝန်ရှိသူများက ဆုံးမစကားများပြောကြား၍ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားရှင် ခံစားခွင့်များပေး၍ လွတ်ပေးခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)