ဆင်ပေါင်ဝဲ ဇန်နဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အားကစားနှင့်ကာယပညာရေးကော်မတီမှကြီးမှူး၍ (၇၆ )နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် ဖူဆယ်အားကစားပြိုင်ပွဲ၊ မီတာ (၄၀၀)ကျား/မ အပြေးပြိုင်ပွဲ၊ မီတာ (၁၀၀) ကျား/မ အပြေးပြိုင်ပွဲ၊ မီတာ (၂၀၀) ကျား/မ အပြေးပြိုင်ပွဲ၊ မီတာ(၈၀၀) ကျား အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အားလူးကောက်၊ အပ်ချည်ထိုး၊ ခြင်းခတ်၊ ခေါင်းအုံးရိုက် ပြိုင်ပွဲများကို ဆင်ပေါင်ဝဲမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့် ရပ်ကွက်နေ ဒေသခံပြည်သူများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဖူဆယ်အားကစားပြိုင်ပွဲတွင် တတိယဆုရရှိသည့် အသင်းအား ဆုတံဆိပ်နှင့် ဆုငွေများအား မြို့နယ်လဝကဦးစီးမှူးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် အသင်းအား ဆုတံဆိပ်နှင့် ဆုငွေများအား မြို့နယ်ရဲတပ်ဖွဲ့မှူးကလည်းကောင်း၊ ပထမဆုရရှိသည့် အသင်းအား ဆုတံဆိပ်နှင့် ဆုငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကလည်းကောင်း အသီးသီး ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ခြင်းခတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အသင်းအား မြို့နယ်အား/ကာမှူးက ဆုတံဆိပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)