ပွင့်ဖြူမြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်

ပွင့်ဖြူ ဇန်နဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၁) နာရီက မြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရာတွင် ဦးစွာ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ဝင်းထွန်းက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထည့်သွင်းကျင်းပသည့် အမျိုးသား သုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲနှင့် အခြားပျော်ရွှင်စရာ ကွင်းတွင်းအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် လူငယ်မောင်မယ်များနှင့် ကျောင်းသား၊ ကျောင်းသူများကို မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်း၊ အားကစားပြိုင်ပွဲများ စီစဉ်ကျင်းပပြုလုပ်ပေးခြင်းသည် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေခြင်းနှင့် ဉာဏ်ရည်၊ ဉာဏ်သွေးများ ထက်မြက်စေခြင်းကို ရရှိစေနိုင်မှာဖြစ်ကြောင်း၊ အားကစားနည်းများအလိုက် နည်းစနစ်မှန်ကန်စွာ လေ့ကျင့်ကစားနိုင်ခြင်းကြောင့် ထူးချွန်ထက်မြက်သော အားကစားသမားများ အဖြစ် ရရှိစေနိုင်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက (၇၆) နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား သုံးယောက်တွဲ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ အိတ်စွပ် အပြေးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ခြေပူးအပြေးပြိုင်ပွဲ စသည့် ကွင်းတွင်း အားကစားပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများကို ဂုဏ်ပြုငွေနှင့် ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )