ဘားအံ ဇန်နဝါရီ ၅
ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာပေဟာပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ် (ငုရွှေဝါ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဥပဒေချုပ်၊ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဘာသာရပ်ဌာနအသီးသီးမှ ကျောင်းသား/ကျောင်းသူများ၊ ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်က အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမောင်လူဝိုင်း(ကရင်)က “ဘိုးဘွားပေးဝေချစ်အမွေ” ခေါင်းစဉ်ဖြင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရပုံ၊ ဘိုးဘွားတို့၏ အသက်၊ သွေး၊ ချွေးတို့ဖြင့် စတေး၍ လွတ်လပ်ရေးရယူခဲ့ပုံ၊ ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပုံတို့ကို လက်ရှိအခြေအနေတို့ဖြင့် နှိုင်းယှဉ်ပြကာ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ကျပန်း စကားပြောပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)