ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကျင်းပ

ကဝ ဇန်နဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်သန်းသန်းဝင်းက ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားပေါင်းတို့၏ လွတ်လပ်ရေးတိုက်ပွဲဝင်ကြိုးပမ်းမှုများ၊ ရဲဘော်သုံးကျိတ် ဂျပန်နိုင်ငံသို့စစ်ပညာ သွားရောက်သင်ယူမှုများစသည်တို့ကို ဟောပြောခဲ့သည်။

ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကိုကျင်းပရာ ကဝမြို့နယ်၊ အမှတ်(၁)အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၁၅)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များအား ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)