ကော့သောင်းမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မီနီမာရသွန် ပြိုင်ပွဲနှင့် ဆုပေးပွဲ ပြုလုပ်

ကော့သောင်း ဇန်နဝါရီ ၅

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ အမြို့မြို့အနယ်နယ်တိုင်းတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ကော့သောင်းမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ မီနီမာရသွန် ပြိုင်ပွဲကို ယမန်နေ့ နံနက်(၆)နာရီခန့်က ကျင်းပခဲ့သည်။

အဆိုပါ မီနီမာရသွန်ပြိုင်ပွဲကို ကော့သောင်းမြို့ (၄) မိုင်ဗစ်တိုးရီးယားရှေ့မှ စတင်၍ ကော့သောင်းမြို့၊ မဥ္ဇူသကခန်းမရှေ့သို့ ပန်းဝင်ရန် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူများက တာလွှတ်ပေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူ (၃၃၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသား မီနီမာသွန်ပြိုင်ပွဲတွင် အ.ထ.က (၂)ကျောင်းမှလည်းကောင်း အမျိုးသမီး ပြိုင်ပွဲတွင် အ.ထ.က(၁)ကျောင်းမှလည်းကောင်း ပထမ ပန်းဝင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် ပန်းဝင်ခဲ့ကြသူများအား အမှတ်တရ ဆွဲကြိုးများဖြင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနအသီးသီးမှ အကြီးအကဲများက ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရသူများအား ဂုဏ်ပြုဆုနှင့် ငွေသားဆုများ ချီးမြှင့်ခဲ့ကြသည်။ အခြေခံပညာကျောင်းပေါင်းစုံ မီနီမာရသွန်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုတွင် အမှတ်အများဆုံးဖြင့် တံခွန်စိုက်ဆုဖလားကို အ.ထ.က(၂)ကျောင်းမှ ရရှိခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)