ပွင့်ဖြူ အောက်တိုဘာ ၂၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာ ရေးနှစ်အတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ကျေးရွာ သစ်များ ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း က အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်း က ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံကျေးလက်နေပြည်သူများအနေဖြင့် မိမိတို့ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အရင်းမပျောက်မတည် လည်ပတ်ရန်ပုံငွေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အကြောင်းနှင့် ကျေးရွာဖွံ့ဖြိုးရေး (VDP)စီမံကိန်းလုပ်ငန်း ဆောင်ရွက် မည့်အခြေအနေများ ၊ စီမံကိန်းလုပ်ငန်းများအလိုက် လိုက်နာရမည့်အချက်များကို ချပြရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များ ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင် အထည် ဖော်ရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီသော မြစိမ်းရောင် စီမံကိန်းကျေးရွာ(၂)ရွာ နှင့် ကျေးရွာဖွံ့ဖြိုးရေး(VDP)စီမံကိန်းဝင် ကျေးရွာ(၁၄)ရွာ တို့ကို အတည်ပြုရွေးချယ်ခဲ့ကြပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရ သည်။
ရဲဝင်းနိုင် ( ညောင်ဦး )