ကျွန်းစု ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့မအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြ ကြောင်း သိရသည်။
ဗိုလ်လုပွဲကို မန်ချက်စတာအသင်းနှင့် ကျောင်းသားသစ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မန်ချက်စတာအသင်းက (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ တံခွန်စိုက်ဆုဖလား ကို ရရှိခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ အားကစားပြိုင်ပွဲများဖြစ်သော ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ် ပြိုင်ပွဲများတွင် ဒုတိယဆု၊ တတိယဆု ရရှိသည့် အသင်းများအား လည်ဆွဲဆုနှင့် ငွေသားဆုများကို မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ပထမဆုရရှိသော အသင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက တံခွန်စိုက်ဆုဖလားကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)