ပွင့်ဖြူ ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကွင်းတွင်းအားကစားပြိုင်ပွဲအဖြစ် လွန်ဆွဲပြိုင်ပွဲအား ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပရာ ဌာနဆိုင်ရာများအဖွဲ့က ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပျော်ပွဲရွှင်ပွဲ ကွင်းတွင်းအားကစား လွန်ဆွဲပြိုင်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များနှင့် မြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အားပါးတရပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ဆင်နွှဲခဲ့ကြပြီး ပြိုင်ပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပထမဆုနှင့် မြို့နယ်မီးသတ်ဦးစီးဌာနက ဒုတိယဆုတို့ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ဆုရရှိသူများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရကာ အခြားသော ကွင်းတွင်းအားကစားပြိုင်ပွဲများဖြစ်သည့် အပြေးပြိုင်ပွဲ၊ ခေါင်းအုံးရိုက်၊ ခြေပူးပြေး၊ စကောရွက် စသည့် ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပပြုလုပ် လျက်ရှိပြီး ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်းနှင့် ပြိုင်ပွဲအလိုက် ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )