ဖြူး ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ လွတ်လပ်ရေးကျောက်တိုင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက်ချုပ်ဆိုခဲ့သောစာချုပ်များ၊ စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်၊ အမျိုးသားညီညွတ်ရေး၊ တို့များဆင်မြန်းလွတ်လပ်ပန်းကဗျာ၊ လွတ်လပ်ရေးအရသာ၊ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်(၉)ချက်၊ လွတ်လပ်ရေးသမိုင်အကြောင်းစသည့် လွတ်လပ်ရေးနေ့အကြောင်းအရာသိကောင်းစရာများ အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးပြီး လွတ်လပ်ရေးနှင့်ပတ်သက်သည့် စာအုပ်စာစောင်များပြသပေးရာ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
အလားတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှထုတ်ဝေသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် "ပြည်တွင်းစည်းလုံးညီညွတ်မှုကသာလျှင် အဓိကဖြစ်"ဆိုသည့် လွတ်လပ်ရေးရရှိအောင်ကြိုးပမ်းခဲ့မှုသမိုင်းအကျဥ်း၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ဦးတည်ချက်(၅)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ (၂၁-၁-၁၉၄၆)ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားခဲ့သောမိန့်ခွန်းမှ "အမျိုးသားညီညွတ်ရေး"ဆိုသည့် ကောက်နုတ်ချက်၊ လွတ်လပ်ရေးနှင့် "အချုပ်အခြာ မျိုးချစ်စိတ်နှင့်ကာကွယ်ပါ" မြန်မာ့အလင်းသတင်းစာကောက်နုတ်ချက်၊ "လွတ်လပ်ရေးဆိုသည်မှာ" မြင်းမူမောင်နိုင်မိုး၏ကဗျာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ (၄-၁-၂၀၂၃)ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှ "ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ"ဆိုသည့် ကောက်နုတ်ချက်များပါဝင်သည့် လက်ကမ်းစာစောင်များကို တက်ရောက်လာကြသူများအား ဖြန့်ဝေပေးကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)