လိပ်သို ဇန်နဝါရီ ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်သည့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကို မျိုးဆက်သစ်လူငယ်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အထက်တန်းပြဆရာမ ဒေါ်ဝေဝေလွင်က လူငယ်များ၏ အနာဂတ်ကို အဟန့်အတားဖြစ်စေသည့် မူးယစ်ဆေးဝါးကို အစမလုပ်မိအောင် ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာကိုအခြေခံပြီး စနစ်တကျ လိုက်နာကြရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူငယ်လူရွယ်များ၊ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါး သုံးစွဲရသည့် အကြောင်းရင်း၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ ယနေ့ကမ္ဘာတွင် လူသားအားလုံးကို ခြိမ်းခြောက်လျက်ရှိသည့် အကြီးမားဆုံးအန္တရာယ်သည် မူးယစ်ဆေးဝါးအန္တရာယ်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးဆိုသည်မှာ လူ၏ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်ထုံထိုင်းစေကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာစသည့်နောက်ဆက်တွဲ ကိစ္စရပ်များစွာတွင် ဆိုးကျိုးများဖြစ်ပေါ်တတ်ကြောင်း စသည့် အသိပညာပေး အကြောင်းအရာများ ဟောပြောခဲ့သည်။
ထို့နောက်နံရံကပ်စာစောင်များပြသရာ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးအကြောင်းအရာများ၊ သိမှတ်ဖွယ်ရာများ အကျယ်တဝင့် သိရှိစေရေးအတွက် ပြသဆောင်ရွက် ထားရှိမှုများကို ကျောင်းသား/ကျောင်းသူလူငယ်များက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)