သရက်ချောင်း ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်သူများနှင့် တောင်ယာလုပ်ကိုင်သည့် တောင်သူအများစုသည် နှစ်ရှည်ပင်များနှင့် ရာသီပေါ်သီးနှံပင် များစိုက်ပျိုးလျက်ရှိရာ နှစ်ရှည်ပင်အဖြစ် ရော်ဘာပင်များကို အဓိကစိုက်ပျိုးကြသည်။
သရက်ချောင်းမြို့နယ်တွင် ရော်ဘာလုပ်ငန်းများကို အများအားဖြင့် အောက်တိုဘာလ အစပိုင်းတွင် စတင်လုပ်ကိုင်ကြပြီး မေလကုန်ပိုင်းလောက်အထိ ရော်ဘာအစေးခြစ် (အစေးလှီး)ခြင်း၊ အစေးခံခြင်းတို့ကို လုပ်ကိုင်ဆောင်ရွက်ကြကာ ရော်ဘာအစေးရည်များကို အစေးရည် သီးသန့်အဖြစ် ရောင်းချသူများနှင့် ရော်ဘာအပြား၊ ရော်ဘာအစေးခဲစသဖြင့် အမျိုးမျိုး ထုတ်လုပ်ရောင်းချကြပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ ရော်ဘာရောင်းဝယ်ရေးဆိုင်များနှင့် ထားဝယ်မြို့တို့မှ ရော်ဘာအဝယ်ဒိုင်များထံသို့ တင်ပို့ရောင်းချကြကြောင်း ရော်ဘာလုပ်ငန်း လုပ်ကိုင်သူများကပြောသည်။
ယခင်နှစ်က ရော်ဘာဈေးနှုန်းမှာ ၁၂၀၀ကျပ်မှ ၁၄၀၀ကျပ်ထိသာရရှိပြီး အခုနှစ် ရော်ဘာဈေးနှုန်းမှာ ပထမရာသီအဖွင့် အောက်တိုဘာလတွင်တစ်ပေါင်လျင် ၁၄၀၀ ကျပ်သာ ရရှိပြီး ယခုဇန်နဝါရီလ အစောပိုင်းတွင် ၁၆၀၀ကျပ်အထိ ဈေးကောင်းရရှိသဖြင့် ရော်ဘာလုပ်ငန်း လုပ်ကိုင်သူများအနေနှင့်လည်း မိသားစုစားဝတ်နေရေးအတွက်လည်း ပိုမိုအဆင်ပြေလျက်ရှိကြောင်း ရော်ဘာလုပ်ငန်းလုပ်ကိုင်သည့်တောင်သူများထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)