(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်တည်ဆောက်သည့် တံတားနှင့်လမ်းများအား ပြည်နယ်ဝန်ကြီးချုပ်မှ တက်ရောက်ဖွင့်လှစ်

ပိုင်ကျုံ ဇန်နဝါရီ  ၅

ကရင်ပြည်နယ်၊    နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန    အနေဖြင့် ပြည်နယ်အတွင်းရှိ   မြို့ပြနှင့်ကျေးလက်ဒေသများ   တပြေးညီဖွံ့ဖြိုးတိုးတက်စေရန်    ရည်ရွယ်၍ အခြေခံအဆောက်အအုံများ၊ လမ်းများနှင့်တံတားများအား  အစဉ်အမြဲ တည်ဆောက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့်  တည်ဆောက်ပေးသည့် တံတားနှင့်လမ်းများအား (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ(၆၈.၆၅၇)သန်းဖြင့် အရှည်(၁၂၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၇)လက်မရှိ ပိုင်ကျုံမြို့၊ ခရစ်ယာန် ဘုရား ရှစ်ခိုးကျောင်းနှင့် ကျမ်းစာသင်ကျောင်းပတ်လမ်း (၁)လမ်း၊ အမှတ်(၂) ရပ်ကွက်နှင့်ပညာပလီး ကျေးရွာချင်းဆက်လမ်းအား ခွင့်ပြုရန်ပုံငွေ (၃၀၁.၅၀၀) သန်းဖြင့်  အရှည်(၁)မိုင်၊  အကျယ် (၁၄)ပေ၊ ထု(၇) လက်မရှိ ကွန်ကရစ်လမ်းများနှင့်  ကမားခို-နောင်ခလုံး ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ခွင့်ပြုရန်ပုံငွေ (၂၆၀.၂၁၇)သန်းဖြင့် အရှည်(၉၀)ပေ၊ အကျယ်(၁၄)ရှိ သံကူကွန်ကရစ်တံတားတို့အား ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ဖွင့်ပွဲတွင်တက်ရောက်လာကြသည့် ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာဖွင့်လှစ်သည့် တံတားနှင့်လမ်းများကို လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထိုဖွင့်ပွဲအခမ်းအနားတွင်    ပြည်နယ်ဝန်ကြီးချုပ်က   ယခုဖွင့်လှစ်သည့်    တံတားနှင့်လမ်းများသည် ဒေသခံတိုင်းရင်းသားများအနေဖြင့်  လမ်းပန်းဆက်သွယ်မှု၊   ကုန်စည်စီးဆင်းမှု၊   ပညာရေး၊  ကျန်းမားရေး၊ လူမှုရေးလုပ်ငန်းများဆောင်ရွက်ရာတွင်  အဆင်ပြေလွယ်ကူလာစေမည်ဖြစ်သည့်အတွက် ဒေသနေ ပြည်သူများတို့၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် တည်ငြိ မ်အေးချမ်းမှုကို မြတ်နိုးတန်ဖိုးထား၍ ရရှိလာမည့်အသီးအပွင့်များဖြစ်ပြီး ပြည်ပအားကိုး ဘေးပယောဂ များ၏ စကားကိုနားမယောင်ဘဲ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို အမြင်ကျယ်ကျယ်ဖြင့် ရှုမြင်တတ်ဖို့ လိုကာ ယနေ့ဖွင့်လှစ်ပေးသည့် တံတားနှင့်လမ်းများကို ဒေသခံမိဘပြည်သူများအနေဖြင့် တန်ဖိုးထား ဝိုင်းဝန်းစောင့်ရှောက်ပေးကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တံတား တည်ဆောက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)