(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများတွင် လာရောက်ကြည့်ရှုသူများဖြင့် စည်ကား

ထားဝယ်  ဇန်နဝါရီ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားရင်ပြင်၌ ခင်းကျင်းပြသထားသော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများတွင် ယမန်နေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုသူဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

၂၀၂၄-ခုနှစ် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းတွင် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ခင်းကျင်းပြသထားလျက်ရှိရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများတို့က စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုအားပေးကြခဲ့ကြသည်။

ပြခန်းများအတွင်း၌ ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုပြကွက်များနှင့်မှတ်တမ်းဓါတ်ပုံများ၊ မှတ်တမ်းမှတ်ရာပစ္စည်းများနှင့်လုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်းမှထွက်ရှိသော ဒေသထွက်ကုန်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများနှင့် တူရိယာပစ္စည်းများ၊ ဒေသမှထွက်ရှိသော MSME ပြခန်းများ ပြသထားသည့်အပြင် ဇန်နဝါရီ ၄ ရက် နှင့် ၅ ရက်နေ့ညနေပိုင်းတွင် ဒေသခံပြည်သူများအား စင်တင်တေးဂီတများဖြင့် သီဆိုဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ပြီး လာရောက်ကြည့်ရှုသော ပြည်သူလူထုများအား ကျန်းမာရေးဌာနပြခန်းက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)