ဘုတ်ပြင်းမြို့ စံပြမိခင်၊ ကလေးပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ဘုတ်ပြင်း   ဇန်နဝါရီ   ၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်၊ ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့က မြို့နယ်မိခင်နှင့်စောင့်ရှောက်ရေးအသင်းရုံးတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးပြိုင်ပွဲတွင် မွေးကင်းစမှ (၆)လ၊ (၆)လမှ (၁)နှစ်၊ (၁)နှစ်မှ (၁)နှစ်ခွဲ၊ (၁)နှစ်ခွဲမှ (၂)နှစ်၊ ပြိုင်ပွဲအမျိုးအစား(၄)မျိုးမှ စုစုပေါင်းကလေး(၄၄)ဦးနှင့် စံပြမိခင်(၁၆)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက စိစစ်ရွေးချယ်အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ ဒေါ်စန်းမြင့်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်တင်မို့မို့ခိုင်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်သန်းဆင့်၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် ဒေါ်အေးပိုတို့က စံပြမိခင်နှင့်ကလေးပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ကလေးသူငယ်များနှင့်ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များအား အသီးသီးဟောပြောခဲ့သည်။

ဆက်လက်၍ စံပြမိခင်ဆုနှင့်ကလေးပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် (ပထမ၊ဒုတိယ၊ တတိယ၊ နှစ်သိမ့်) ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားကို စံပြမိခင်နှင့်ကလေးပြိုင်ပွဲကို ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊မြို့ပေါ် ရပ်ကွက်များနှင့်ကျေးရွာများမှ မိခင်နှင့်ကလေးငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)