မြိတ် ဇန်နဝါရီ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ် စခန်းတို့မှ အကျဉ်းသား/သူ(၁၁၁)ဦးအား ယမန်နေ့ နေ့လယ် ၁၁ နာရီအချိန်ခန်က လွတ်ပေးခဲ့သည်။
ထို့သို့လွတ်ပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူများအနက်မှ အကျဉ်းသား/သူ(၁၁၁)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၄င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်း ဖြစ်သည်။
ပြစ်ဒဏ်လွှတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးရာ၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူများအနက် မြိတ်အကျဉ်းထောင်မှ အကျဉ်း သား(၇၃)ဦး၊ အကျဉ်းသူ(၁၁)ဦး၊ ကျောက်ဖြူ တောင်ကုန်ထုတ်စခန်းမှ အကျဉ်းသား(၂၇)ဦး စုစုပေါင်း အကျဉ်းသား/သူ (၁၁၁)ဦးတို့အား အဆိုပါနေရာများတွင် အကျဉ်းထောင် တာဝန်ခံအရာရှိနှင့် တာဝန်ရှိသူများက ဆုံးမစကားများ ပြောကြား၍ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားရှင် ခံစားခွင့်များပေး၍ လွတ်ငြိမ်းခွင့်ပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)