ကလိန်အောင် ဇန်နဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ထားဝယ်ရိုးရာမုန့်ရောင်းပွဲတော်နှင့် သင်ထောက်ကူပစ္စည်းပြပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အဆိုပါ ကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့သည်။
ဦးစွာ ကလိန်အောင်မြို့ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဒေါ်လွင်လွင်ဦးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ထားဝယ်ရိုးရာမုန့်ရောင်းပွဲတော်နှင့် သင်ထောက်ကူပစ္စည်းပြပြိုင်ပွဲပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး ပြိုင်ပွဲဖြစ်မြောက်ရေးနှင့် အဆိုပါကျောင်းဆောင်ပြုပြင်ခြင်းလုပ်ငန်းတွင် ပါဝင်လှူဒါန်ပေးကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ကြသည်။
ဆက်လက်၍ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းသားငယ်လေးများမှ မိဘများကိုယ်တိုင် ပြုလုပ်ဖန်တီးထားသည့် သင်ထောက်ကူပစ္စည်းများကို ပြသယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြ သည်။
ထို့နောက် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုမှ ကျောင်းသားငယ်လေးများက ကာယ၊ ဉာဏ စွမ်းရည်ဖြင့် အကပဒေသများ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တက်ရောက်လာကြသောသူများက ထားဝယ်ရိုးရာမုန့်များကို ဝယ်ယူအားပေးခဲ့ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)