ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား တက်ရောက်

ဘားအံ ဇန်နဝါရီ   ၅

၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားသည့်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့ သီရိကွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ကျင်းပခဲ့သည်။

ဦးစွာ နံနက် ၄ နာရီ ၂၀ မိနစ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားကို ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ဂုဏ်ပြုတပ်ဖွဲ့၊ အလံစောင့်တပ်ဖွဲ့နှင့် အလံတင်အရာရှိများက နိုင်ငံတော်အလံကို တိုင်ထပ်သို့လွင့်ထူခဲ့ကြကာ တက်ရောက်လာသူများက နိုင်ငံတော်အလံကို အလေးပြုကြသည်။

ထို့နောက် နံနက် (၇)နာရီတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားသည့် အခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)ဒူးပလာ ယာခရိုင် ဥက္ကဋ္ဌပဒိုစောရွှေမောင်း၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)နှင့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)တို့မှကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသား ပြည်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်သီရိပျံချီဦးစောမြင့်ဦးက ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး တက်ရောက်လာသူများနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသောအာဇာနည် ခေါင်းဆောင်ကြီးများနှင့်ရဲဘော်အပေါင်းတို့အားအလေးပြုကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော ၂၀၂၄ ခုနှစ်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာကို ဖတ်ကြားသည်။

ထို့နောက် အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ် ဘင်ခရာစစ်တီးဝိုင်းအဖွဲ့က အထင်ကရကရင်တေး သီချင်းများကို တီးမှုတ်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့၊ စစ်တီးဝိုင်း တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ် ဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသော ကရင်၊ ဗမာ၊ မွန်၊ ပအိုဝ်း၊ ရှမ်းတိုင်းရင်းသားရေးရာပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ အသေးစား၊ အငယ်စား၊အလတ်စားစက်မှုလက်မှုလုပ်ငန်း (MSMEs)ထုတ်ကုန် ပြခန်းများ အားလှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် ဘားအံမြို့၊ သီရိကွင်းတွင် ကရင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးစီး၍ ပျော်ပွဲရွှင်ပွဲများအဖြစ်ကျင်းပပေးသော  စကောရွက်၊ ခေါင်းအုံးရိုက်၊ အာလူးကောက်၊ ခြေသုံးချောင်းထောက်၊ အုန်းသီးရိုက်၊ ဖယောင်းတိုင်မီးထွန်း၊ ဘောလုံးဂိုးသွင်း၊ ချောတိုင်တက်ပြိုင်ပွဲများ အားကစားပွဲများအဖြစ် ကျင်းပပေးသော မ(၄၀)နှစ်အထက်နှင့် ကျား (၅၀)နှစ်အထက် သီရိကွင်း ပတ်အပြေးပြိုင်ပွဲ၊ ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ အခြေခံပညာနှင့် အဆင့်မြင့် ပညာအဆင့်ထုတ်ဆီးထိုးပြိုင်ပွဲတို့ကို ကြည့်ရှု့အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက ဆုရရှိသူများအားဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အလားတူ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကို ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၆ နာရီအချိန်မှစ၍ ဘားအံမြို့၊ သီရိကွင်း၊ ဒုံးစင်မြင့်ထက်တွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ကြည့်ရှုအားပေးခဲ့ကြ သည်။

ပဒေသာကပွဲ ဖျော်ဖြေရေးအစီအစဉ်များအဖြစ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူလေးများက တိုင်းရင်းသားတို့၏ ပဒေသာအကအလှများ၊ ဗမာတိုင်းရင်းသားရေးရာအသင်းက လွတ်လပ်ရေးကို ချစ်မြတ်နိုးသည် တေးသရုပ်ဖော်ဇာတ်လမ်းတို၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူ၊ သင်တန်းသား၊သင်တန်းသူများက တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကအလှများ၊ မွန်၊ ပအိုဝ်း၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းများက ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့အတူ ဘားအံမြို့၊ သီရိကွင်းတွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် စင်တင်တေးဂီတ ဖျော်ဖြေပွဲအနေဖြင့်   Metronome Music Band တီးဝိုင်းနှင့်တွဲဖက်၍ ဒေသခံတေးသံရှင်များနှင့် ကရင်တေးသံရှင်များက နှစ်သက်ရာသီချင်းများဖြင့် တိုင်းရင်းသားပြည်သူများအား သီဆို ဖျော်ဖြေခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စက်ဘီးနှင့်ဂျူဒိုအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်အားကစားအဖွဲ့အား ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံအားပေးရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က စက်ဘီးအားကစားနည်းနှင့်ဂျူဒိုအားကစားနည်းတို့ဖြင့် ကရင်ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ဂုဏ်ဆောင်ပေးနိုင်သူများဖြစ်အောင် စွမ်းစွမ်းတမံကြိုးစားယှဉ်ပြိုင်သွားကြ စေလိုကြောင်း၊ အောင်မြင်မှုအဆင့်အလိုက် ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ထိုက်တန်သည့်အားပေးချီးမြှင့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ် ပြီး စက်ဘီးအားကစားအဖွဲ့အား ငွေကျပ်(၁၀)သိန်းနှင့် ဂျူဒိုအားကစားအဖွဲ့အား ငွေကျပ်(၁၀)သိန်းတို့ကို ထောက်ပံ့ပေးအပ်ကာ အားကစားဆပ်ကော်မတီများနှင့်စေတနာရှင်များက ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်ရာ ပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ဘီးနှင့်ဂျူဒိုအားကစားသမားများ၊ နည်းပြ၊ အုပ်ချုပ်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)