နတ်မောက် ဇန်ဝါရီ ၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမစက်ဝန်း ထုတ်ချေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက စာရံအိုင့်ကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ နှင့်အကျိုး ကျေးဇူးများ၊စီမံကိန်းအကြောင်းအရာများ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ထံ ရန်ပုံငွေလွှဲပြောင်းပေးအပ်သည်။ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက စရံအိုင့်ကျေးရွာ၌ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၂၈ ဦး ငွေကျပ် ၆၈.၄သန်း၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၃ ဦး ငွေကျပ်၁.၈ သန်း စုစုပေါင်း အသင်းသား/အသင်းသူ ၁၃၁ ဦး ကို နဝမအကြိမ်မြောက်အဖြစ် မြစိမ်းရောင် ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၇၀.၂ သန်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိ ကျေးရွာပေါင်း ၄၁ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်မှ ပြောပြ၍သိရသည်။
မူမူစန်း