တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းနေကြာဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ရုံးချုပ်နေကြာစိုက်ပျိုးရေးပညာရှင်များက ပုသိမ်ခရိုင်၊ ကျုံပျော်ခရိုင်ရှိ ဝန်ထမ်းများနှင့်တောင်သူများသို့ နည်းပညာဆွေးနွေးပွဲတက်ရောက်

ပုသိမ် ဇန်နဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းနေကြာဧကပြည့်မီရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ နေကြာစိုက်ပျိုးရေး ပညာရှင်များက ပုသိမ်ခရိုင်၊ ကျုံပျော်ခရိုင်ရှိ ဝန်ထမ်းများနှင့်တောင်သူများသို့ နည်းပညာဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်လျက်ရှိရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက် တွေ့ဆုံအားပေးခဲ့သည်။

စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ နေကြာစိုက်ပျိုးရေးပညာရှင်များဖြစ်သည့် ဒေါက်တာခင်မာလာမြင့်၊ ဒုတိယညွှန်ကြားရေးမှူး (သီးနှံကာကွယ်ရေးဌာနခွဲ)၊ ဒေါက်တာခင်ခင်မူ၊ ဦးစီးအရာရှိ (မြေအသုံးချရေးဌာနခွဲ)၊ ဒေါက်တာလဲလဲ့၊ ဦးစီးအရာရှိ(မျိုးစေ့ဌာနခွဲ)၊ ဦးအေးမင်းထွန်း၊ ဦးစီးအရာရှိ (စိုက်ပညာဌာနခွဲ)၊ ဦးစိုးလင်း၊ လက်ထောက်သုတေသနအရာရှိ (စိုက်ပျိုးရေးသုတေသနစီပင်ခြံ) တို့က နေကြာအထွက်နှုန်းများ တိုးတက်စေရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တောင်သူများ၏ ဆွေးနွေးမေးမြန်းမှုများအပေါ် ပညာရှင်များက ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး တိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိရာ နေကြာ၊ မြေပဲ၊ နှမ်းစသည့် ဆီထွက်သီးနှံများ ဖြစ်ထွန်းအောင်မြင်ရေး ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နည်းပညာ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေးပညာရှင်များအား သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပေးကြစေလိုကြောင်းနှင့် ဆွေးနွေးမှုများအား စနစ်တကျမှတ်သား၍ နေကြာစိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေး လိုက်နာဆောင်ရွက်ကြရန်” အမှာစကားများ ပြောကြားခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လာကြသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)