ဟားခါး ဇန်နဝါရီ ၄
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက် သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယန့နံနက် ၄ နာရီ ၂၀ မိနစ်က ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့ လွှင့်တင်ခဲ့ပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှဗိုလ်မှူးချုပ် နိုင်ဝင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ စစ်ဗျူဟာ (အခြေချ )ဟားခါးမှ စစ်ဗျူဟာမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက နိုင်ငံတော်အလံအား အလေးပြုကြသည်။
ဆက်လက်၍ နံနက် ၇ နာရီတွင် လွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ သတိုးမဟာသရေ စည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား ချင်းပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာဝုန်ဆွန်းထန်က ဖတ်ကြားသည်။
ထို့နောက် (၇၆) နှစ်မြောက် လွတ်လပ်ရေးအနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပရာ အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ် ဝန်ကြီးချုပ်ကလည်းကောင်း၊ အဆင့်မြင့်ပညာ ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ် လွှတ်တော်တရားသူကြီးချုပ်ကလည်းကောင်း၊ အဆင့်မြင့်ပညာ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအား အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်ကလည်းကောင်း၊ အခြေခံပညာ(အထက်တန်း) အဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင် ကလည်းကောင်း၊ အခြေခံပညာ(အထက်တန်း) အဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း ကလည်းကောင်း၊ အခြေခံပညာ(အလယ်တန်း) အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းက လည်းကောင်း၊ အခြေခံပညာ(အလယ်တန်း) အဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်းက လည်းကောင်း၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ(တစ်ဦးချင်း)ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုးက လည်းကောင်း၊ စစ်တုရင်( အလွတ်တန်း ) ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်က လည်းကောင်းဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားသို့တက်ရောက်လာကြသည့် ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဧည့်သည်တော်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဆုရရှိသူများ၊ တိုင်းရင်းသားအဖွဲ့များနှင့် စုပေါင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)