မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုဏ္ဏဝတီလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် ဇီးတောအခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများတက်ရောက်

တောင်တွင်းကြီး ဇန်နဝါရီ ၄

၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ ပုဏ္ဏဝတီလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် ဇီးတောအခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ဖွင့်ပွဲ အခမ်းအနားများကို ယနေ့နံနက်က ကျင်းပပြုလုပ်ရာ  မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ/မြို့ဖ၊ ရပ်မိ/ရပ်ဖများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်နှင့်အဖွဲ့သည် တောင်တွင်းကြီးမြို့ ပုဏ္ဏဝတီလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်က အမှာစကားပြောကြားရာ နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ချမှတ်ကာ နိုင်ငံတော်ဖွံ့တိုးတက်ရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်နေသကဲ့သို့  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးတွင် နေထိုင်သော ပြည်သူလူထုများအတွက် အခြေခံလိုအပ်ချက်များဖြစ်သော လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်ရေး၊ သန့်ရှင်းသောသောက်သုံးရေရှိရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ မြင့်မားတိုးတက်စေရေးတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်ပေးသည့် ပုဏ္ဏဝတီလမ်းသည် မြို့၏အလယ် အချက်အခြာကျသည့်လမ်းဖြစ်ပြီး ပြည်သူများသွားလာမှု လွယ်ကူစေရန် အရှည်ပေ (၁၅၄၄)ပေ၊ အကျယ်ပေ(၄၀)၊ ထု (၈)လက်မရှိ ကွန်ကရစ်လမ်းသစ်အဖြစ် အဆင့်မြှင့်တင်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ချီးမြှင့်ကာ ကွန်ကရစ်လမ်းသစ်ကိုကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီးတောကျေးရွာ ဇီးတောအခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ရောက်ရှိကာ  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းဆောင်သစ်ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့်ပတ်ဖြန်းပေးကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းဆိုင်ရာ စာရွက်စာတမ်းများကို ဆောက်လုပ်ရေး ကုမ္ပဏီတာဝန်ရှိသူက မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဇီးတောအခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နှင့်  ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်  တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်  ၃၂၅.၉၆ သန်းဖြင့် (၁၄၀) ပေ၊ (၃၀) ပေ နှစ်ထပ်အဆောက်အဦအဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)