ထားဝယ် ဇန်နဝါရီ ၄
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၄) နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားရင်ပြင်၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသန့်ဇင်တို့က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်မျိုးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများတို့က ဌာနဆိုင်ရာများ၏ လုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်မှုပြကွက်များနှင့် မှတ်တမ်းဓါတ်ပုံများ၊ မှတ်တမ်းမှတ်ရာပစ္စည်းများနှင့်လုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ဒေသထွက်ကုန်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများနှင့်တူရိယာပစ္စည်းများ၊ ဒေသမှထွက်ရှိသော MSME ပြခန်းများစသည့် ပြခန်း(၁၃)ခန်း အားစိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုအားပေးသည်။
ဆက်လက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မွေးမြူရေးပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်းပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။
(၇၆)နှစ်မြောက် အထိမ်းအမှတ်ပြခန်းတွင် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ခင်းကျင်းပြသထားလျက်ရှိရာ ဒေသခံပြည်သူများက ပြခန်းများကိုစိတ်ပါဝင်စားစွာ လာရောက် ကြည့်ရှုအားပေးခဲ့ကြပြီးပြခန်းကို ဇန်နဝါရီ ၅ ရက်နေ့အထိပြခန်းများအား ခင်းကျင်းပြသပေးသွား မည်ဖြစ်ပြီး ဇန်နဝါရီ ၄ ရက် နှင့် ၅ ရက်နေ့ညနေပိုင်းတွင် ဒေသခံ ပြည်သူများအား စင်တင်တေးဂီတများဖြင့် သီဆိုဧည့်ခံဖျော်ဖြေပေးသွားမည်အပြင် လာရောက်ကြည့်ရှုသော ပြည်သူလူထုများအား ကျန်းမာရေးဌာန ပြခန်းက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
(တိုင်းဒေသကြီးပြန်/ဆက်)