ပဲခူး ဇန်နဝါရီ ၄
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးမြို့၊ မြို့တော်ခန်းမရှေ့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်မုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းသား/သူများ၏ ဘင်ခရာနှင့် ပန်းပွားအကအဖွဲ့များအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်အား ဆက်လက်ကျင်းပပြုလုပ်ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “စုံညီပွဲတော်တို့နွှဲပျော်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီနိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် ထူးချွန်ထက်မြတ်သည့် အသိပညာရှင်များ၊ အတတ်ပညာရှင်များ ပေါ်ထွက်လာနိုင်စေရေး၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြှင့်မားရေးနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးထားဆောင်ရွက်ရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက ဗဟိုအဆင့် စာပေ၊ ဂီတ၊ အနုပညာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် အမှတ်(၅)အခြေခံပညာကျောင်း ကျောင်းသား/သူများက “ရှမ်းရိုးရာအက” ဖြင့်လည်းကောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “မြူမှောင်ဝေကင်း” သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ပြည်ထောင်စုကြီးတည်တံ့ပါစေ” သီချင်းဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အကအဖွဲ့များ၊ ဘင်ခရာအဖွဲ့များအား ဂုဏ်ပြုငွေများပေး အပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးပညာရေးမှူးမှူး ဦးမျိုးဝင်းအောင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့တာဝန်ရှိသူများတို့သည် ဆုရကျောင်းသား/ကျောင်းသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများတို့သည် ကျောင်းသား/ကျောင်းသူများ၏ ဘာသာရပ်အလိုက် လက်တွေ့သရုပ်ပြသမှု ပညာရေးပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)