ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ဟားခါး ဇန်နဝါရီ ၄

ချင်းပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို  ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အစုအဖွဲ့ဖြင့်ဆောင်ရွက်ပါက ပိုမိုထိရောက်မည်ဖြစ်ကြောင်း၊ အစုအဖွဲ့ဖြင့် ဆောင်ရွက်ရာတွင် အစုစပ်၊ သမဝါယမနှင့်အများပိုင်ကုမ္ပဏီစသည်ဖြင့် ပါဝင်ပါကြောင်း၊ ဟားခါးမြို့နယ် ဝဥစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း ကိုယ်စားလှယ်ကြီးများ ယနေ့အစည်းအဝေးသို့ စိတ်အားထက်သန်စွာ တက်ရောက်ပေးကြရေး၊ ဝဥကုန်ကြမ်းမှ ပြည်ပပို့ကုန်အဆင့်မီ ကုန်ချောထုတ်လုပ်နိုင်ရေးကိစ္စ ဆွေးနွေးပေးမည်ဟုသိရသည့်အတွက် ဝမ်းသာပါကြောင်း၊ တွေ့ကြုံရသော အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုပါကြောင်း၊ ဒေသအေဂျင်စီက ဖြေရှင်းပေးနိုင်သည်များကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ Marketing အပါအဝင် ဖြေရှင်းရခက်ခဲသည့်ကိစ္စရပ်များကို အမျိုးသားကော်မတီ၊ ဝန်ကြီးဌာနများသို့ လမ်းညွှန်မှုခံယူ၍ ဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ ဝဥကုန်ကြမ်းထွက်ချိန် နိုဝင်ဘာလခန့်တွင် ဝဥကုန်ချော စတင်ဖြန့်ချိထုတ်လုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ချိန် (၂)လခန့်ရရှိပါကြောင်း၊ သမဝါယမအသင်းအနေဖြင့် ဒေသအေဂျင်စီနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်မည်ဆိုပါက အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း၊ ဟားခါးခရိုင် သမဝါယမဝဥကုန်ထုတ်အသင်းအောင်မြင်ပါက ကျန်ခရိုင်များကို ပြောရဆိုရ လွယ်ကူစေမှာဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ အဖွဲ့ဝင်ပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမြင့်ဇော်ထွန်းတို့က ချင်းပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက်  ဟားခါးမြို့နယ် ဝဥစိုက်ပျိုးရေး၊ ထုတ်လုပ်ရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဆန်းအုပ်မန်း၊ အတွင်းရေးမှူး ဦးယောနတန်နှင့်အသင်းဝင်များက ဝဥတောင်သူများ၏အခက်ခဲနှင့် ဝဥကုန်ကြမ်းမှ ပြည်ပပို့ကုန်အဆင့်မီ ကုန်ချောထုတ်လုပ်နိုင်ရေး အဓိကလိုအပ်ချက်သည် အစက်မြင့်ဝဥစက်ရုံလိုအပ်ခြင်းဖြစ်သည့်အတွက် အဆင့်မြင့်ဝဥစက်ရုံ တည်ထောင်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးရန် တင်ပြကြသည်။

တင်ပြချက်များအပေါ် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)