ကန့်ဘလူမြို့ အ.လ.က(၅)ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် အခမဲ့သွားနှင့်ခံတွင်း ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများဆောင်ရွက်

ကန့်ဘလူ ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြတ်ဒန္တီသွားနှင့်ခံတွင်းဆေးခန်းနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲနှင့် ကျောင်းသားကျောင်းသူများအား အခမဲ့ သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်သော်က အဖိုးတန်ရေသယံဇာတထိန်းသိမ်းကြ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်ယဥ်ယဥ်ထွန်းက သက်ရှိလောကတည်မြဲဖို့ ဇီဝမျိုးစုံမျိုးကွဲများ ထိနိးသိမ်းကာကွယ်စို့ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြတ်ဒန္တီသွားနှင့်ခံတွင်းဆေးခန်းမှ ဒေါက်တာရဲဇော်ထွန်းက သွားနှင့်ခံတွင်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း ဟောပြောကြသည်။

ထို့နောက် မြတ်ဒန္တီ သွားနှင့်ခံတွင်းဆေးခန်းမှ ဒေါက်တာရဲဇော်ထွန်းနှင့်ဆရာမများက ကျောင်းသား/ကျောင်းသူများအား သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးကုသပေးခဲ့ကြောင်းနှင့် ထိုသို့ကုသရာတွင် ဆေးဝါးကုန်ကျမှုကို အောင်နန်းပရဟိတအသင်းက လှူဒါန်းခဲ့ပြီး ယင်းအခမ်းအနားသို့ အ.လ.က(၅)ကျောင်းအုပ်ဆရာကြီး ဦးဝင်းငြိမ်းနှင့်ဆရာ/ဆရာမများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်နှင့်ဝန်ထမ်းများ၊ မြတ်ဒန္တီ သွားနှင့်ခံတွင်းဆေးခန်းမှ ဒေါက်တာရဲဇော်ထွန်းနှင့် ဆရာမများ၊ အမှတ်(၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)