ပြည် ဇန်နဝါရီ ၄
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပရာ ပြည်မြို့ အောင်ဆန်းအထက်တန်းကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ တက်ရောက်သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်၊ လွတ်လပ်ရေး၏တန်ဖိုးနှင့်အနှစ်သာရနှင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အသိပညာပေးဟောပြောသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး "သတင်းစကား" လက်ကမ်းစာစောင်များကို ခရိုင်ပြန်/ဆက်ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများ ဖတ်ရှုလေ့လာရန်ဖြန့်ဝေပေးပြီး အာဟာရမုန့်များဝေငှပေးသည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများနှင့် ဆရာ၊ဆရာမများက အခမ်းအနားတွင် ခင်းကျင်းပြသထားသော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများနှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်မှ သုတ/ရသစာအုပ်စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။
ကိုစိုး(ပြည်)