မင်းဘူး ဇန်နဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်စေရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျွဲတိကျေးရွာ စက်ရေတွင်းသစ်တူးဖော်ခြင်းနှင့် သောက်သုံးရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး၍ စက်ရေတွင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ စက်ရေတွင်းဖွင့်ပွဲတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့်တာဝန်ရှိသူများက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်ရေတွင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြ ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက စက်ရေတွင်းဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး စက်ရေတွင်း ရေဘားအားဖွင့်လှစ်ပေးကာ ဒေသခံပြည်သူများ သောက်သုံးရေလာရောက်သုံးစွဲခပ်ယူနေမှုများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ စက်ရေတွင်း လွှဲပြောင်းပေးအပ်ပွဲကိုကျင်းပရာ မင်းဘူးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းက စက်ရေတွင်းလုပ်ငန်းလွှဲပြောင်းမှတ်တမ်းအား ကျေးရွာအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်သည်။ ထို့နောက် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်မှ ရေရရှိရေးလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဒေသခံတစ်ဦးက စက်ရေတွင်းဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ကျွဲတိကျေးရွာ၌ သောက်သုံးရေရရှိလုပ်ငန်းဆောင်ရွက်ခြင်းကို ပွင့်ဖြူမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရ ခွင့်ပြုပုံငွေဖြင့် ၄ လက်မ GI ပေ ၅၀၀ စက်ရေတွင်းတူဖော်ခြင်း၊ ရေမြှုပ်ပန့်တပ်ဆင်ခြင်း၊ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေ လှောင်ကန်နှင့် (၅ ပေ x ၅ ပေ x ၇ ပေ) ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများအားလုံးကို ခွင့်ပြုငွေ ၃၂ ဒသမ ၆၈၆ ကျပ်သန်းဖြင့် Shwe Group ဆောက်လုပ်ရေးကုမ္ပဏီက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် စတင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့သည့်အတွက် ဖွင့်လှစ်ပေးရခြင်းကြောင်း၊ သောက်သုံးရေ ရရှိရေးလုပ်ငန်း စက်ရေတွင်းကိုဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကျွဲတိကျေးရွာမှ အိမ်ခြေ ၄၅၆ အိမ်၊ လူဦးရေ ၂၂၅၁ ဦးတို့အတွက် သောက်သုံးရေများ ဖူလုံစွာသုံးစွဲနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)