ပွင့်ဖြူမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နယ်လှည့်အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ၊ ဓာတ်ပုံပြပွဲကျင်းပ

ပွင့်ဖြူ ဇန်နဝါရီ ၄

 မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျောင်းသား/ကျောင်းသူများ ပြင်ပစာပေအသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး နယ်လှည့်အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှုခြင်းဖြင့် ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးစေမှုနှင့် စာပေသိမှတ်ဖွယ်ရာ အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးဟောပြောပြီး မြို့နယ်ပွင့်သာမြေစာအုပ်စာစောင် ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုး (ပညာရေးငြိမ်း)က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများနှင့် ဘက်စုံထူးချွန်ထက်မြက်သော ကျောင်းသား/ကျောင်းသူများဖြစ်စေရေး ပညာသင်ယူချိန်အရွယ်၌ ဆရာ/မိဘဆိုဆုံးမှုများကိုလိုက်နာပြီး ရည်မှန်းချက် ပန်းတိုင်ရောက်ရှိအောင် ကြိုးစားသင်ယူကျက်မှတ်ကြစေလိုကြောင်း  ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများအဖွဲ့က ကျောင်းသား/ကျောင်းသူများ စာပေအသိပညာ တိုးပွားစေရေးအတွက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးပြီး လွတ်လပ်ရေးဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာ ဓာတ်ပုံများနှင့် သုတရသစာအုပ်စာစောင်များကို ခင်းကျင်းပြသဆောင်ရွက်ပေးခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစ်စားဝင်ရောက်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ ၃၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)