ကျွန်းစု ဇန်နဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူး၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေးပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲမင်းဦးက ကလေးပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စုစုလှိုင်က မွေးကင်းစကလေးငယ်နှင့် မိခင်များရောဂါဖြစ်ပွားမှု၊ သေဆုံးမှုလျော့ချနိုင်ရန်၊ အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် အရပ်အမြင့်၊ ကိုယ်အလေးအချိန်သတ်မှတ်ချက်ကို သိရှိနိုင်စေရန်၊ မိခင်နို့တိုက်ကျွေးခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ သိရှိနိုင်စေရန်ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကာ ကလေးပြိုင်ပွဲအား စတင်ခဲ့သည်။
ပြိုင်ပွဲတွင် မွေးစမှ အသက်(၆)လ အရွယ်၊ အသက်(၆)လမှ (၁)နှစ် အရွယ်၊ အသက်(၁)နှစ်မှ (၁နှစ်)ခွဲအရွယ် စုစုပေါင်း(၃၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကလေးပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီမှ တာဝန်ရှိသူများက ကလေးငယ်များ၏ အာဟာရဖွံ့ဖြိုးမှုဖြစ်သော ကိုယ်အလေးအချိန်၊ အရပ်အမြင့်များကို တိုင်းတာ၍ ကိုယ်အလေးအချိန် ကတ်ပြားရရှိမှု ရှိ/ မရှိ စစ်ဆေးခြင်းကိုလည်းကောင်း၊ (ဆံပင်၊ မျက်စိ၊ နား၊ နှာခေါင်း၊ သွား၊ လျှာ၊ အရေပြား၊ လက်သည်း၊ ခြေသည်း) ကျန်းမာသန့်ရှင်းမှု ရှိ/ မရှိ စစ်ဆေးခြင်း၊ ဝမ်းပျက်ဝမ်းလျှော၊ ဝက်သက်၊ နှာစေးချောင်းဆိုး၊ သံကောင်ရောဂါ၊ အရေပြားဝဲယားနာ၊ ကင်းရှင်းမှု ရှိ/ မရှိ စစ်ဆေးခြင်း၊ အသက်အလိုက် သတ်မှတ်ကာကွယ်ဆေး အပြည့်အဝထိုးနှံထားမှု ရှိ/ မရှိတို့ကို စစ်ဆေးအမှတ်ပေးခဲ့ကြသည်။
ထိုနောက် အသက်အရွယ်အလိုက်ဆုရရှိသော ကလေးများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု မေတ္တာလက်ဆောင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးကာကွယ်စောင့်ရှောက်ရေးအသင်းက ချီးမြှင့်ပေးအပ်သော ဆုငွေများ၊ မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြိတ်ခရိုင် မိခင်နှင့်ကလေးကာကွယ်စောင့်ရှောက်ရေးအသင်းက ချီးမြှင့်ပေးအပ်သော ဆုငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်သည့် ကလေးငယ်များအား နှစ်သိမ့်ဆု အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထက်မြင့်