ဓနုဖြူ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ကျောင်းတွင်းအားကစားပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ လွတ်လပ်ရေး၏ အနှစ်သာရကို တန်ဖိုးထားတတ်စေရန်နှင့် ကျန်းမာပျော်ရွှင်စေရန်၊ အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး၊ အားကစားပြိုင်ပွဲများ ကျင်းပရာတွင် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား မီတာ(၅၀) အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွတ်ပြိုင်ပွဲ၊ ကြက်ဖခွပ်ပြိုင်ပွဲ၊ ဇကောရွက်ပြိုင်ပွဲနှင့် အခြားဂိမ်းကစားခြင်းတို့ကို ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများမှ စုပေါင်း၍ ပျော်ရွှင်စွာ ယှဥ်ပြိုင်ကစားကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)