ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသ

ဒေးဒရဲ ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး  ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က ကျောင်းသား၊ ကျောင်းသူများ ကျောင်စာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရေးအတွက် ဟောပြောပွဲများ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်သင်းသင်းမွန်က ကျောင်းသား၊ ကျောင်းသူများအား အနာဂတ်နိုင်ငံတော်ကို ပုံဖော်ပေးနိုင်မည့် ကလေးများအား ကလေးအလုပ်သမားမဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပြီး  အဆိုးရွားဆုံးပုံစံဖြင့် ကလေးများအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ရေးရာဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု အကာအကွယ်မဲ့စေသောအလုပ်များ၊ အန္တရာယ်များသော စက်ယန္တရား၊ လေးလံသောဝန်များကို သယ်ပို့သောလုပ်ငန်းများ၊ ကျန်းမာရေးထိခိုက်စေသောလုပ်ငန်းများ၊ အလုပ်ချိန်ကြာရှည်သော၊ ညရေးညတာ၌ လုပ်ရသောအလုပ်များတွင် လုပ်ကိုင်ရသော ကလေးများအား ကလေးအလုပ်သမားအဖြစ် သတ်မှတ်ကြောင်းနှင့် နိုင်ငံတော်က ကလေးအလုပ်သမားပပျောက်ရေးအတွက် အဓမ္မခိုင်းစေမှုပပျောက်ရေး၊ ဘေးကင်းပြီး ကျန်းမာသောလုပ်ငန်းခွင် ပတ်ဝန်းကျင်ဖြစ်ပေါ်ရရှိစေရေးစသည့်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေး နံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း