ဒေးဒရဲ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၂၀၂၄) ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ရောက်ရှိမည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်မည့် နေရာအား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းပြီး (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပမည့် လွတ်လပ်ရေးကျောက်တိုင်အား ဆေးသုတ်ခြင်း၊ အခမ်းအနားကျင်းပမည့် နေရာရှိမြက်ပင်နှင့် အမှိုက်များ ရှင်းလင်းခြင်းလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို သက်ဆိုင်ရာဌာနများအလိုက် ပြည်သူများပါဝင်ဆင်နွှဲနိုင်ရေး ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း