မြဝတီ ဇန်နဝါရီ ၃
ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်းခွဲ (အောင်မြေရွှေဘုံ)နှင့် မူလွန်(မြေနီကုန်း)ကျောင်းတို့၌ ဆောင်ရွက်သည်။
ဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက ပတ်ဝန်းကျင်ရှိ ကမ္ဘာ့မြေထု၊ လေထု၊ ရေထုနှင့် သက်ရှိသတ္တဝါ ကာကွယ်ထိန်းသိမ်းရေးနှင့် ပလတ်စတစ်အိတ် သုံးစွဲမှုလျော့ချရေးတို့ကိုလည်ကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက (၇၆)နှစ်ပြည့် မြောက်ခဲ့ပြီးဖြစ်သည့် လွတ်လပ်ရေးနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းနှင့် ရရှိထားသည့် လွတ်လပ်ရေး ထာဝစဉ် အဓွန့်ရှည် တည်တံ့နေစေရန် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို ဆွေးနွေးဟောပြောပေးသည်။
ထို့နောက် ဟောပြောပေးသည့် ခေါင်းစဉ်များအပေါ် မေးခွန်းများ ပြန်လည်မေးမြန်းခဲ့ရာ အဖြေမှန်သူများအား အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး အကြောင်းအရာများ၊ အခြားဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်များ ပြသခြင်းနှင့် သတင်း စကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)